အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီခဲ့ ကြတဲ့ အားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Monday, September 10, 2012

Guest Sign-Up Form will be available until Wednesday Mid-Night

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲ
အွန်လိုင်းဧည့်စာရင်း လက်ခံမှု စက်တင်ဘာ ၁၂ ညတွင် ရပ်ဆိုင်းမည်
မိုးမခအထောက်တော် ၀၀၂၊ စက်တင်ဘာ ၁၀၊ ၂၀၁၂
ယမန်နေ့က တွေ့ဆုံပွဲဖြစ်မြောက်ရေး အမှုဆောင်အစည်းအဝေးတွင် လက်ရှိ ဖွင့်လှစ်ထားသော အွန်လိုင်းဧည့်စာရင်းလက်ခံမှု စာမျက်နှာကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဆုံးဖြတ်သည်ဟု သိရသည်။ လာမည့် ဗုဒ္ဓဟူးနေ့၊ ဒေသံစံတော်ချိန် သန်းကောင်ယံ၊ စက်တင်ဘာ ၁၂ တွင် အွန်လိုင်းဧည့်စာရင်းတင်သွင်းမှု စာမျက်နှာကို နောက်ဆုံးထား လက်ခံမည်ဟု ဆိုသည်။
ထို့အပြင် လုပ်အားပေး စေတနာဝန်ထမ်းဆောင်ရွက်လိုသည့် အမည်စာရင်းတင်သွင်းထားမှုကိုလည်း ယနေ့ကစပြီး စာရင်းပိတ်လိုက်ပြီဟုဆိုသည်။ USF - ယူနီဗာစတီအော့ဖ် ဆန်ဖရန်စစ္စကိုကျောင်းက တွေ့ဆုံပွဲ အဆင်ပြေရေး၊ ငြိမ်းချမ်းချောမွေ့စွာ ကျင်းပနိုင်ရေး၊ ဧည့်ပရိသတ်များ လွယ်ကူစွာ တက်ရောက်နိုင်ရေးတို့အတွက် သူတို့ ကျောင်းကွန်မြူနီတီအနေဖြင့် အစွမ်းကုန် ပံ့ပိုးသွားမှုဟု ပြောကြားကြောင်း ထိုအစည်းအဝေးတွင် အမှုဆောင်များကို အသိပေးခဲ့သည်ဟု သိရသည်။
လက်ခံရရှိထားသော ဧည့်စာရင်းတင်သွင်းမှုများကို စိစစ်ရာတွင် စာရင်းသွင်းထားသူများကို ယခုတပတ်အတွင်း ပြန်လည် ဆက်သွယ်ခြင်း၊ အမှန်တကယ် တက်ရောက်မည့် အမည်နှင့် ဦးရေကို ဧည့်စာရင်းတင်သွင်းသူများ၊ ဒေသအလိုက် ဖိတ်ကြားရေးဒေသခံကိုယ်စားလှယ်များနှင့် ညှိနှိုင်းခြင်း၊ ဧည့်လက်မှတ်များ စီစဉ်ခြင်း၊ ဧည့်လက်မှတ်များကို ကြိုတင်ပေးပို့ခြင်း၊ စသည့် ဖိတ်ကြားရေးဆိုင်ရာ အချောသတ်မှုများကို လာမည့် ရက်သတ္တပတ် ၃ ပတ်အတွင်း လုပ်ဆောင်သွားမည်ဟု ဖိတ်ကြားရေးဆပ်ကော်မတီ အမှုဆောင်က လျာထားကြောင်း ပြောကြားသည်။
ယခု ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲကို ဘေးဧရိယာရှိ မြန်မာအရေး နိုးကြားတက်ကြွသူ မြန်မာများ စုပေါင်း ဆောင်ရွက်နေကြောင်း၊ မည်သည့်အဖွဲ့အစည်းတခုတည်းကမျှ ဦးဆောင်ကျင်းပနေခြင်း မရှိဟု သိရသည်။ မြန်မာမိသားစုများ တယောက်တလက် ၀ိုင်းဝန်းကြသည့် ကွန်မြူနီတီ လှုပ်ရှားမှုသာ ဖြစ်သည်ဟု ဆိုသည်။

No comments:

Post a Comment