အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီခဲ့ ကြတဲ့ အားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း
Tuesday, August 28, 2012
Q & A for Suu-SF Event Released
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန်ဖရန်ဘေးဧရိယာတွေ့ဆုံပွဲဆိုင်ရာ မေးခွန်းနှင့် အဖြေများ
တွေ့ဆုံပွဲဆိုင်ရာပြန်ကြားရေးအဖွဲ့၊ သြဂုတ် ၂၈၊ ၂၀၁၂
ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲဖြစ်မြောက်ရေး ဆောင်ရွက်နေကြတဲ့ အလုပ်အဖွဲ့ကနေပြီးတော့ ဧည့်သည် ပရိသတ်များ သိလိုတဲ့ မေးမြန်းနေကြမေးခွန်းနဲ့ အဖြေတွေကို စုစည်းပြီး ထုတ်ပြန်လိုက်ပါတယ်။
၁။ ၀င်ကြေးပေးရမှာလား။ လက်မှတ်ဝယ်ရမှာလား။
   အခမဲ့ပါ။ သို့သော် ၀ိုင်းဝန်းကူညီပံ့ပိုးမှုတွေ လိုပါတယ်။
၂။ တွေ့ဆုံပွဲဖြစ်မြောက်အောင် ဘယ်က ဘဏ္ဍာရေးနဲ့ ဖြစ်အောင်လုပ်မှာလဲ။
၃။ စေတနာအလျောက် ဖြစ်မြောက်အောင် အများကြီး ပံ့ပိုးသူတွေကို ဘယ်လိုမျိုး သဘောထားမှာလဲ။
   ဘဏ္ဍာရေးအရ စိုက်ထုတ်ပံ့ပိုးသူတွေရော လုပ်အားတွေ ကျွမ်းကျင်မှုတွေ အားစိုက် ကြိုးပမ်းသူတွေအားလုံးကို ဘာသာရေး လူမှုရေး နိုင်ငံရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့အတူ  အလေးထားပြီး နေရာထိုင်ခင်းတွေကို သတ်မှတ်ပေးထားပါတယ်။
၎။ ၀င်ခွင့်လက်မှတ် ဘယ်လိုရယူရမလဲ။
    ပွဲအတွက် ပြုလုပ်ထားတဲ့ အင်တာနက်စာမျက်နှာ http://suu-sf.blogspot.com မှာ ပုံစံဖြည့်ပြီး စာရင်းပေးရပါမယ်။ စာရင်းပေးထားသူအားလုံး တက်ရောက်နိုင်အောင် ပြန်လည်ဆက်သွယ်ပြီး စီစဉ်ပေးပါမယ်။
၅။ အခမ်းအနားနေ့မှာ ဘယ်လို ၀င်ခွင့်ပြုမှာလဲ။
အခမ်းအနားနေ့၊ အစီအစဉ် မစတင်မီ အချိန် ၁ နာရီခွဲခန့် ကြိုတင်ရောက်ရှိပြီးနောက် ဖိတ်ကြားထားတဲ့ ဖိတ်စာနဲ့ (သို့မဟုတ်) http://suu-sf.blogspot.com မှာ မိမိဖြည့်စွက်ထားတဲ့ စာရင်းနဲ့ တိုက်ဆိုင်ပြီး ၀င်ခွင့်ပေးမှာ ဖြစ်ပါတယ်။
၆။ နေရာ သတ်မှတ်ထားမှုတွေ ထိုင်ခုံနံပါတ် သတ်မှတ်ထားမှုတွေ ရှိပါသလား။
ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင်များ၊ စေတနာရှင်များ၊ မြန်မာတိုင်းရင်းသား ကွန်မြူနီတီက ဧည့်သည်များအတွက် နေရာသတ်မှတ်ထားတာကလွဲပြီး ကျန်တဲ့ ထိုင်ခုံများ အားလုံးကို ဦးရာလူစနစ်နဲ့ ခွင့်ပြုမှာ ဖြစ်ပါတယ်။
၇။ ကြိုတင်စာရင်း ပေးမထားရင် ၀င်ခွင့်မရဘူးလား။
    အခမ်းအနားနေ့မှာ စာရင်းပေးနိုင်ပါတယ်။ ကြိုတင်စာရင်းပေးထားသူတွေ အားလုံးဝင်ပြီး ထိုင်ခုံနေရာရှိရင် ၀င်ခွင့်ရပါလိမ့်မယ်။ 
 ၈။ ၀င်ခွင့်အတွက် စစ်ဆေးဖို့ ဘာလိုအပ်ပါသလဲ။
   ပြည်နယ်က ထုတ်ပေးထားတဲ့ State I.D သို့မဟုတ် ဓာတ်ပုံနဲ့ အမည် ထင်ရှားတဲ့ ကတ်ပြား သို့မဟုတ်  ပတ်စ်ပို့ ယူလာဖို့ လိုပါတယ်။
၉။ အခမ်းအနားကို သတ်မှတ်ချိန်အတိုင်း လုပ်မှာလား။
   အခမ်းအနားကို ကြေညာထားတဲ့အတိုင်း အတိအကျ စတင်မှာဖြစ်ပါတယ်။
၁၀။ ပွဲကျင်းပနေတုန်း ရောက်ရင် ၀င်ခွင့်ရမှာလား။
၁၁။ အခမ်းအနား မပြီးဆုံးခင် ပြန်ခွင့်ရမလား။
     မရပါ။ တိကျခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ခန်းမထဲက ထွက်ခွင့်မရနိုင်ပါ။
၁၂။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို ပြောမှာလား။ အင်္ဂလိပ်လို ပြောမှာလား။
     မြန်မာလိုပဲ အဓိက ပြောမှာဖြစ်ပါတယ်။
၁၃။ ဒေါ်အောင်ဆန်းစုကြည် ကို မေးခွန်း မေးလို့ရမလား။
မေးခွန်းများကို http://suu-sf.blogspot.com မှာ စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ကြိုတင်ဖြည့်စွက် ပေးပို့ရပါမယ်။ လက်ခံချိန် ကျော်လွန်ပြီးနောက်ပိုင်း မေးခွန်းလက်ခံခြင်း မရှိတော့ပါ။
၁၄။ မေးခွန်းတိုင်းကို ဖြေကြားမှာလား။
      မေးခွန်းတွေကို မဲနှိုက်ပြီး ဖြေကြားမှာ ဖြစ်ပါတယ်။ မေးခွန်းများကို မြန်မာ၊ အင်္ဂလိပ် ကြိုက်ရာဘာသာနဲ့ မေးနိုင်ပါတယ်။
၁၅။ အခမ်းအနားအတွင်း မေးခွန်း တိုက်ရိုက်မေးခွင့်ရမှာလား။
     မရပါ။
၁၆။ ဒေါ်အောင်ဆန်းစုကြည် ကို လက်ဆောင်ပေးလို့ ရမလား။
     လက်ဆောင်ပေးလို့ရပါတယ်။ ထုထည်မကြီးတဲ့ လက်ဆောင်ပစ္စည်းများကို ပေးလို့ရပါတယ်။ လက်ဆောင်ပစ္စည်းကို အလွယ်တကူကြည့်ရှုစစ်ဆေးနိုင်အောင် ထုပ်ပိုးရပါမယ်။ လက်ဆောင်ရှင်ရဲ့ အမည်၊ နေရပ်လိပ်စာ နဲ့ တယ်လီဖုန်းနံပါတ်တို့ပါမှ လက်ခံမှာဖြစ်ပါတယ်။
၁၇။ ကိုယ်တိုင်ကိုယ်ကျ ပေးခွင့်ရမလား။
     မရပါ။ လက်ဆောင်ပစ္စည်းလက်ခံဌာန ထားရှိမှာဖြစ်ပြီး လိုအပ်သလို စစ်ဆေးပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်မှာဖြစ်ပါတယ်။
၁၈။ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတင် ရိုက်ခွင့် ရှိမှာလား။
            မိမိထိုင်ခုံကနေ အများပြည်သူ မထိခိုက်အောင် လွတ်လပ်စွာ ရိုက်ကူးခွင့် ရှိပါတယ်။
၁၉ ။ သတင်းအဖွဲ့တွေကိုရော နေရာ သီးသန့်စီစဉ်ပေးမှာလား။
            ဒေသခံ သတင်းရုပ်သံအဖွဲ့တွေ၊ မြန်မာသတင်းမီဒီယာအဖွဲ့တွေအတွက် သင့်တင့်တဲ့ အစီအစဉ်တစ်ခု ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သူတို့အတွက် သီးခြားနေရာတစ်ခု သတ်မှတ်ပေးထားပါမယ်။
၂၀။ တခြားရော ဘာတွေ သတိထားရမလဲ။
            ခန်းမအတွင်း အစားအသောက်များ ယူဆောင်ခွင့် မရပါ။ မူးယစ်သောက်စားထားခြင်းကို လက်မခံပါ။ အခမ်းအနားက ထုတ်ဝေတဲ့ စာရွက်စာတမ်းကလွဲပြီး အခြား စာရွက်များ၊ ဆိုင်းဘုတ်များ၊ စာတမ်းများ ကိုင်ဆောင်ဖြန့်ဝေခြင်း ခွင့်မပြုပါ။
၂၁။ အခမ်းအနားအတွက် အကူအညီပေးချင်ရင် ဘယ်လိုဆက်သွယ်ရမလဲ။
     အင်တာနက်စာမျက်နှာ http://suu-sf.blogspot.com  က Volunteers and Work Force (Contact) မှာ ကော်မတီဝင်များနဲ့ ဆက်သွယ်ရမယ့်သူများကို ဖော်ပြထားပါတယ်။ သက်ဆိုင်ရာ ကော်မတီဝင်များကို ဆက်သွယ်နိုင်ပါတယ်။ 
No comments:
Post a Comment